၁။ (၂၃.၁၁.၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၄၁/၂၀၁၇)၊ ဆုံးဖြတ်ချက်အပိုဒ် (၂၈)အရ “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ (Condominium Law) နှင့် (In line) ဖြစ်အောင်ဆောင်ရွက်ရန်” အကြောင်းကြားလာပါသဖြင့် YMD မှ ဦးဆောင် ပါဝင် ဆောင်ရွက်လျှက်ရှိပါသည်။
၂။ Apartment Law မူကြမ်း ပြုစုရေး လုပ်ငန်းကော်မတီ တွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဌ အဖြစ်လည်းကောင်း၊ YMD ၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးရှိန်ဝင်း၊ ဒါရိုက်တာအဖွဲ့ အတွင်းရေးမှုး ဦးဝင်းအောင်တို့က အဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ ဒါရိုက်တာ အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ကော်မတီ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့်မှ လည်း အစည်းအဝေးအဆင့်ဆင့်တွင် ပါဝင်ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၃။ ဥပဒေ (မူကြမ်း) ပြုစုရေး လုပ်ငန်းကော်မတီအား ဥပဒေဆိုင်ရာ အထောက်အကူပြုနိုင်ရေးအတွက် (A&G Myanmar + MHM Yangon ) အား (၃၀-၆-၂၀၁၈) တွင် ဥပဒေ (မူကြမ်း) ရေးဆွဲရေးဆိုင်ရာ အတိုင်ပင်ခံ Law Firm အဖြစ် ရွေးချယ်၊ စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံခဲ့ပါသည်။
၄။ ဥပဒေမူကြမ်းရေးဆွဲသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှ ရေးရာကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အကြံပြုဆွေးနွေးချက်များရယူကာ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းနိုင်မည့် ဥပဒေ (မူကြမ်း) အဖြစ်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှ ပြဋ္ဌာန်းနိုင်မည့် ဥပဒေ (မူကြမ်း) အဖြစ်လည်းကောင်း အကြိမ်ကြိမ် ပြင်ဆင်ရေးဆွဲခဲ့ပြီး နောက်ဆုံး (မူကြမ်း) အား သဘောထားမှတ်ချက် အကြံပြု ပြန်ကြားပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးထံ (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် ပေးပို့ပြီးဖြစ်ပါသည်။
၅။ အကြံပြု သဘောထားမှတ်ချက်များ ရရှိပါက အဆိုပါ အကြံပြုချက်များနှင့်အညီ “ရန်ကုန်တိုင်းဒေသကြီး တိုက်ခန်းပိုင်ဆိုင်မှု ဆိုင်ရာ ဥပဒေကြမ်း“ အဖြစ် ပြင်ဆင်ရေးဆွဲ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။