ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်အမှာစကား

၂၁ရာစု၏ ပထမ ဆယ်စုနှစ်ကာလအတွင်း ကမ္ဘာ့မြို့ပြလူဦးရေသည် ကမ္ဘာ့ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို စတင်ကျော်လွန်ခဲ့ပြီး (တစ်နည်းဆိုရလျှင်) ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်  မြို့ပြဖွံ့ဖြိုးခြင်း ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်နှင့် ၂၁ရာစုကို မလွဲမသွေ ကျော်ဖြတ်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် မြို့ပြဖွံ့ဖြိုးမှု နှင့်ပတ်သက်၍ “Sustainable Urbanization is Key to Successful Development” ဟု ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြု ဖော်ဆောင်လျှက်ရှိသည့် နည်းတူ စနစ်မကျသည့် မြို့ပြ ဖွံ့ဖြိုးမှုသည်လည်း ဆိုင်ရာနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တား နှောင့်နှေးစေမည် ဖြစ်ပါသည်။ သာဓကအားဖြင့် ကမ္ဘာ့မြေပြင်၏ ၂ ရာခိုင်နှုန်းကိုသာ မြို့ပြများက ဖုံးလွှမ်း အသုံးပြုလျှက်ရှိသော်လည်း ကမ္ဘာ့ GDP ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ခြင်း ၊ ကမ္ဘာ စွမ်းအင်၏ သုံးပုံနှစ်ပုံကို သုံးစွဲလျှက်ရှိခြင်း၊ ကမ္ဘာ့ Green House Gas (GHG) ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ထုတ်လွှတ်လျှက်ရှိခြင်းတို့က မြို့ပြဖွံ့ဖြိုးမှု၏ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို ဖော်ညွှန်းလျှက်ရှိပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြို့ပြဖွံ့ဖြိုးမှု အားနည်းသေးသည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့သည် မြို့ပြဖွံ့ဖြိုးမှု အားကောင်း၍ မြို့ပြဆိုင်ရာ စိန်ခေါ်မှုများ စတင် ကြုံတွေ့နေရပြီဖြစ်ပါသည်။ ထို့အပြင် ကျေးလက် မြို့ပြ ရွှေ့ပြောင်း နေထိုင်မှုနှုန်း မြန်ဆန်မှုမှ တဆင့် နှစ်ကာလ မကြာမီ မြို့ကြီးမဟာ (Mega City) ဖြစ်လာမည့် ရန်ကုန်မြို့တော်အတွက် ရေရှည် စနစ်ကျနသည့် မြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေး သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် အဓိက တာဝန်တစ်ရပ်အဖြစ် ခံယူ စီမံဖော် ဆောင် လျက်ရှိပါသည်။

မြို့ပြဖွံ့ဖြိုးရေးအတွက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ပြဌာန်း လိုက်နာစေခြင်း၊  ဖွံ့ဖြိုးတိုးတက်ရေး(Development)သည် စီးပွားရေးအကျိုး အမြတ်သက်သက် မဟုတ်ဘဲ လူမှုရေးအကျိုးအမြတ် နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် နှစ်ရှည် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းများ ပါဝင်နေသောကြောင့် အစိုးရအဖွဲ့အနေဖြင့် အခြေခံအဆောက်အအုံနှင့်မြို့ပြတည်ဆောက်အကောင်အထည်ဖော်မှုအပိုင်းတွင် တာဝန်ယူ ပါဝင်  ထိန်းကျောင်း ကြပ်မတ် ဖော်ဆောင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်မြို့တော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက် အအုံများ(Infrastructures)ဖြစ်သည့် လျှပ်စစ်၊ ရေ၊ လမ်း၊ သယ်ယူပို့ဆောင်ရေးစနစ်များသာမက စီးပွားရေးဆိုင်ရာအဆောက်အအုံများ၊ လူမှုရေးဆိုင်ရာ အဆောက်အအုံများ၊ အလုပ်အကိုင်ဖန်တီး ပေးနိုင်သည့် စက်မှုဇုန်များ၊ လူနေအိမ်ရာများစသည်ဖြင့် ဘက်စုံရေရှည် အစီအမံချမှတ် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ပိုမို ထိရောက်လျှင်မြန် ကောင်းမွန်သော စနစ်တစ်ခုဖြင့် ဆောင်ရွက်သွားနိုင်ရေး နှင့် ပါဝင်ရင်းနှီးမြှုပ်နှံလိုသူ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ယုံကြည်မှုခိုင်မာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

ပုဂ္ဂလိကကဏ္ဍသည် စျေးကွက်စီးပွားရေးစနစ် တွင် အဓိကမောင်းနှင်အား ဖြစ်ပါ သည်။ ပုဂ္ဂလိကကဏ္ဍကို ခေတ်အဆက်ဆက် အထိုက်အလျောက် အားပေးမှုရှိသော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသည် စီးပွားရေးအကျိုးအမြတ်ကို ပိုမိုဦးတည်ခြင်း နှင့် အစိုးရလုပ်ငန်းများ သည် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သော်လည်း စီးပွားရေးနှင့်ယှဉ်တွဲ၍ စွမ်းဆောင်ရည် လိုအပ်ချက်ရှိခြင်း တို့ကြောင့် နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းရည်ပြည့်ဝသည့် အဆင့်သို့ မရောက်ရှိသေးကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတကာ၌ လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အစိုးရ နှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့် Public-Private-Partnership(PPP)ပုံစံဖြင့် လည်းကောင်း၊ အစိုးရပိုင်ဆိုင်၍ ပုဂ္ဂလိကစီးပွားရေးပုံစံကော်ပိုရေးရှင်းများဖြင့်လည်းကောင်း၊ အစိုးရ နှင့် ပုဂ္ဂလိက ဖက်စပ်တည် ထောင်သည့် ကုမ္ပဏီ၊ကော်ပိုရေးရှင်းများဖြင့်လည်းကောင်း အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည့် သာဓကများစွာ ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်တိုင်းအတွင်းရှိ အိမ်ရာလိုအပ်ချက် ရှိသည့် ဝင်ငွေနည်းနှင့်ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများ၊ အငြိမ်းစားနှင့်တာဝန်ထမ်းဆောင်ဆဲ နိုင်ငံဝန်ထမ်းများ အား အိုးအိမ်အတည်တကျရှိစေနိုင်ရန်အတွက်  အိမ်ရာစီမံကိန်းများ၊ အလုပ် အကိုင်အခွင့်အလမ်းအတွက် စက်မှုဇုန်စီမံကိန်းများနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ စီမံကိန်း များ၊ မြို့ပြဆောင်တာ(Urban Function)များ အဆင်ပြေချောမွေ့စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ၊ လူမှုစီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံ စီမံကိန်းများကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပုဂ္ဂလိကကဏ္ဍပေါင်းစပ်ဆောင်ရွက်သည့်လုပ်ငန်း (PPP) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက် ရေးအတွက်  ဘက်စုံရေရှည် အစီအမံ ချမှတ် ထူထောင်ရာတွင် အောင်မြင်စွာဖော်ဆောင်နိုင်ရေးကို ရည်ရွယ်ပြီး အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်တည်ထောင်သည့်ကုမ္ပဏီအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်နိုင်ငံသားအများပိုင်ကုမ္ပဏီတစ်ခုဖြစ်သောMyanmar Construction Development Public Co.,Ltd တို့ ပူးပေါင်း၍ Yangon Metropolitan Development Public Co.,Ltd (YMD) အများပိုင်ကုမ္ပဏီကို (၈.၃.၂၀၁၇)ရက်နေ့တွင် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ YMD သည် ပြည်သူတို့ ၏ လိုအပ်ချက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်။

Yangon Metropolitan Development Public Co.,Ltd (YMD) သည် သက်တမ်း (၃)နှစ် ရှိခဲ့ပြီ ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော လုပ်ငန်းများလည်း ရှိနေပြီဖြစ်ပါ သည်။ တိုင်းဒေသကြီးအစိုးရလက်ဝယ်ရှိသော မြို့ပြအိမ်ရာနှင့်အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လျာထားသောမြေများကို ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံဖော်ဆောင် လိုသော လုပ်ငန်းရှင်များ နှင့် ပူးပေါင်း၍ အိမ်ရာများထုတ်လုပ်ရာတွင် YMD မှ နိုင်ငံတော်မှပြဌာန်း ထားသော လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်ရန် စည်းကမ်းစနစ် များကို နိုင်ငံတကာစံချိန်စံညွှန်း နှင့်အညီ အဆိုပြုလွှာများလက်ခံရွေးချယ်နိုင်ရန် တာဝန်ယူ ဆောင်ရွက်ပေးခြင်း ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်လျက်ရှိသော အလွှာအသီးသီးမှ ပြည်သူများအတွက် တန်ဖိုးသင့်နှင့်တန်ဖိုးမျှတ အိမ်ခန်းနှင့်ဝန်ထမ်းအိမ်ခန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် YMD မှ ပညာရှင်များ၊ လုပ်ငန်းရှင်များ ဝိုင်းဝန်း ပူးပေါင်း အကြံပြု ဆွေးနွေး ဆောင်ရွက် ခြင်း၊ YMD အနေဖြင့် အကျိုးအမြတ်ကို အဓိကမထားပဲ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာရှေ့ထားဆောင်ရွက်ပေးခြင်း တို့ကို တာဝန်ယူဆောင်ရွက် စေခဲ့ပါသည်။

အချုပ်အားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုး တက်ရေးအတွက်  ဘက်စုံရေရှည် အစီအမံ ချမှတ် ထူထောင်ရာတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ပိုမိုထိရောက်လျှင်မြန်ကောင်းမွန်သော စနစ်တစ်ခုဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍမှ စေတနာရှေ့ထား၍ ဝိုင်းဝန်း ပူးပေါင်း အကြံပြု ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါ ကြောင်း နှင့် ပါဝင်ရင်းနှီးမြှုပ်နှံလိုသူ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ယုံကြည်မှုခိုင်မာစေရေး အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားအပ်ပါသည်။

ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့